Sunday, June 23, 2013

မူပိုင်


မူပိုင်
သာလှ။  ။ကျုပ်အခုတစ်လော ရယ်-ရယ်ချင်နေသဗျ။
ဖေမြ  ။ဘာများ အူမြူးသတုန်း ကိုသာလှရဲ့။
သာလှ။  ။ဦးဘအောင်လေ- ကျုပ်ကို ပြော ပြောနေသဗျ။
ဖေမြ  ။ဘာပြောတာလဲ ကိုသာလှရဲ့။
သာလှ။  ။ကျုပ်ကို ပရောဖက်တစ်ပါးပါးလို့များ ထင်မှတ်နေရော့လေသလားမသိပါဘူးဗျာ၊ ခင်ဗျားဆုတောင်းပေးရင်ဖြစ်တယ်၊ ခင်ဗျားပြောလိုက်ရင်ဖြစ်လာတာချည်းပဲ ဘာညာ ဆိုပြီး ကျုပ်ကို ပြော-ပြောနေကြသဗျာ။
ဖေမြ  ။“ကြသဗျာ”ဆိုတော့ တစ်ယောက်တည်း ပြောတဲ့စကား မဟုတ်တော့ဘူးပေါ့။
သာလှ။  ။ဒါကြောင့် ပြောတာပေါ့ ရယ်-ရယ်ချင်နေပါတယ်လို့၊ မစိန်လှ တို့ဆို ပြောမှပြော၊ ကျုပ်ကိုကျုပ် သူတို့လေညှင်းခံရင်း ဘ၀င်က ကြွကြွတက်လာတယ်။
ဖေမြ  ။အရူးဘုံမြှောက်တာလား မသိဘူးနော်။
သာလှ။  ။ချေးခြောက် မကောက်စားပါဘူးဗျာ။
ဖေမြ  ။ကွေးအောင်တော့ က နေမှာပေါ့နော်။
သာလှ။  ။တော်ပြီဗျာ၊ ကိုဖေမြနဲ့ စကားပြောလို့မရဘူး။
ဖေမြ  ။ကိုသာလှတို့များ စိတ်ကလည်းကြီးပ၊ ကြာလာလေ ပရာဖက်နဲ့တူလာလေပဲ- ဟဲဟဲ။
သာလှ။  ။ဘုရားသခင်ရဲ့အမှုတော်မြတ်ကို တစ်သွေမတိမ်း စွမ်းစွမ်းတမံ ဆောင်ရွက်နေတဲ့ အစေခံကျွန်တော်မျိုးသာလှ ပါဗျာ။
ဖေမြ  ။အပြောကတော့ကောင်းပ၊ ဘ၀င်လေဟပ်ပြီး ကြွပါမသွားခင် ဘ၀င်လေသလပ်နေတာ ကြည့်လို့မရဘူး။
သာလှ။  ။ဆင်ခြင်တုံတရားရှိပါတယ်ဆို၊ သူများမြှောက်တိုင်း ကြွတက်ရအောင် ကျုပ်က ခလေးမှ မဟုတ်တာ။
ဖေမြ  ။ခလေးမပြောနဲ့ ရှင်ဘုရင်တောင်မရဘူး၊ အံချော်တတ်တယ်ဗျ။
သာလှ။  ။ဘာလဲဗျ ရှင်ဘုရင် အံချော်တာ။
ဖေမြ  ။အသက်ရှစ်နှစ်နဲ့ နန်းတက်လာတဲ့ ဘုရင်ယောရှိဆိုတာရှိတယ် သူအုပ်စိုးတဲ့ခေတ်ကာလက သူ့တိုင်းပြည် ဣသရေလမှာ ဗာလနတ်ဘုရားကို ကိုးကွယ်သူတွေဆိုပေါမှပေါပဲ- သူက ဒါဝိဒ်ကိုယုံတယ်၊ သူ့အဖိုးကိုး ဒါနဲ့ သူ့အဘိုးကိုးကွယ်ခဲ့တဲ့ ထာဝရဘုရားကိုသူယုံတယ်။ အဲ- သူအာဏာရတော့ ဗာလနတ်ဘုရားကိုးကွယ်မှုကို အပြီးနှိမ်နင်းလိုက်တယ်။ အတိုချုံးပြောရရင် အဲဒါကိုဘုရားသခင်နှစ်သက်သဘောကျတယ်ပေါ့ဗျာ၊ ဘယ်လောက်တောင်သဘောကျလည်းဆိုတော့ ယောရှိတစ်သက် ဘယ်လိုမျိုးကပ်ဒုက္ခမှတိုင်းပြည်အပေါ်ကျရောက်တာ မရှိစေရဘူးတဲ့ဗျာ၊ ယောရှိဘုရင်လည်းတော်တော်စိတ်ကြီးဝင်သွားပုံရတယ်၊ ၀င်လည်းဝင်ရောပေါ့ သူ့ ဘဲ့ဂရောင်းက ဘုရားကိုယ်တိုင်ကိုး။
သာလှ။  ။ဘုရားသခင်ပေးတဲ့ ကောင်းချီးမင်္ဂလာတွေခံစားပြီး ကျုပ်တောင် တစ်ခါတစ်လေ စိတ်ကြီးဝင်မိသဗျ၊ ကျုပ်လိုလူလည်းအများကြီးရှိမှာပါလေ။
ဖေမြ  ။ဆက်ပြောမယ်ဗျာ။
သာလှ။  ။ဆက်ဗျာ- ဆက်။
ဖေမြ  ။ တစ်နေ့ နေခေါ လို့ခေါ်တဲ့ အဲဂုတ္တုရှင်ဘုရင် အိဂျစ်ဘုရင်ပေါ့ဗျာ- ဥဖရတ်မြစ်နားက ခါခေမိတ်မြို့ကို စစ်ချီသဗျ။ ယောရှိဘုရင်က ထွက်တားတယ်၊ တစ်ကယ်တော့ သူ့တိုင်းပြည်နဲ့ လွတ်လွတ်ကင်းကင်းကြီးပါ။ ရာဇ၀င်ချုပ် ဒုတိယစောင် အခန်းကြီး၃၅ အငယ်၂၀ မှာ ဖတ်ကြည့်မယ်ဆိုရင် “ထိုနောက်မှ၊ ယောရှိသည် ဗိမာန်တော်ကို ပြင်ဆင်ပြီးမှ၊ အဲဂုတ္တုရှင်ဘုရင် နေခေါသည် ဥဖရတ်မြစ်နား၊ ခါခေမိတ်မြို့သို့စစ်ချီသည်တွင်၊ ယောရှိမင်းသည်ဆီးတားခြင်းငှါ၊ ထွက်လေ၏။ အဲဂုတ္တုရှင်ဘုရင်က၊ အိုယုဒရှင်ဘုရင်၊ သင်သည် ငါနှင့်အဘယ်သို့ဆိုင်သနည်း။ သင့်ကိုယနေ့ငါစစ်ချီသည် မဟုတ်။ ငါနှင့် စစ်တိုက်ဘက်ဖြစ်သော အမျိုးကိုစစ်ချီ၏။ ငါအလျင်အမြန်ပြုမည်အကြောင်း ဘုရားသခင်မှာထားတော်မူပြီ။ ငါဘက်၌ရှိသော ဘုရားသခင်ကို ဆန့်ကျင်ဘက်မပြုဘဲနေလော့။ သို့မဟုတ်သင့်ကို ဖျက်ဆီးတော်မူပြီဟု သံတမန်စေလွှတ်၍၊ မှာလိုက်လေ၏။ သို့ရာတွင်ယောရှိသည် မလွှဲမရှောင်၊ နေခေါဆင့်ဆိုသော ဘုရားသခင်၏ အမိန့်တော်ကို နားမထောင်၊ စစ်တိုက်ခြင်းငှါ၊ ခြားနားသောအယောင်ကိုဆောင်လျက်၊ မေဂိဒ္ဒေါချိုင့်၌ စစ်ပွဲထဲသို့ဝင်လေ၏။ လေးသူရဲတို့သည် ယောရှိမင်းကို ပစ်၍မှန်သဖြင့်၊ မင်းကြီးကငါ့ကိုဆောင်သွားလော့။ ပြင်းစွာအထိအခိုက်ခံရသည်ဟု ကျွန်တို့အား ဆိုလျှင်၊ ကျွန်တို့သည် ရထားတော်ပေါ်ကချ၍၊ ဒုတိယရထားတော်ပေါ်၌တင်ပြီးလျှင် ယေရုရှလင်မြို့သို့ ဆောင်သွားသောအခါ၊ အနိစ္စရောက်၍ ဘိုးဘေးတို့သင်္ချိုင်း၌ သင်္ဂြိုဟ်ခြင်းကိုခံလေ၏။ ယုဒပြည်သူ၊ ယေရုရှလင်မြို့သားအပေါင်းတို့သည်၊ ယောရှိမင်း အနိစ္စရောက်သောကြောင့်၊ ငိုကြွေးမြည်တမ်းခြင်းကိုပြုကြ၏။” တဲ့။
သာလှ။  ။ဆိုလိုတာက။
ဖေမြ  ။အဲဂုတ္တုရှင်ဘုရင်နေခေါပြောတဲ့စကား သူ မယုံဘူး၊ ဘာဖြစ်လို့လည်းဆိုတော့ အဲဂုတ္တုလူမျိုးတွေက ဗာလနတ်ဘုရားကို ကိုးကွယ်ကြတယ်လေ။ အခု ဘုရင်နေခေါက ဘုရားသခင်က ပြောတယ်ဆိုတဲ့ စကားကို ဘုရင်ယောရှိက ဘယ်လိုမှ မယုံနိုင်ဘူး လက်မခံနိုင်ဘူး။
သာလှ။  ။ဒီတော့ ဆိုလိုတာက။
ဖေမြ  ။ဘုရင်ယောရှိဟာ ဘုရားသခင်ကို သူတစ်ယောက်တည်း မူပိုင်ယူထားတယ်လို့ စိတ်ကြီးဝင်နေရော့လေသလား မသိပါဘူးနော်။
သာလှ။  ။ဘာတဲ့ မူပိုင်။
ဖေမြ  ။ဟုတ်တယ် မူပိုင်။

God Bless You
Brother Aung

Saturday, June 22, 2013

မိကျောင်းအစာ


မိကျောင်းအစာ
သာလှ။  ။“ကတုံးမ”တစ်ယောက်တော့ အေးဆေးဖြစ်သွားပြီဗျာ။
ဖေမြ  ။ဘယ်က “ကတုံးမ”လဲ - ကိုသာလှရဲ့။
သာလှ။  ။မြို့ကိုပြောင်းသွားတဲ့ အေးကြည်မရဲ့သမီးလေ။
ဖေမြ  ။သြော်- အေးကြည်မသမီးလား- ဘာအေးဆေးဖြစ်သွားတာလဲဗျာ။
သာလှ။  ။ကျုပ့်သူဌေး ဦးဘအုန်းကြီးရဲ့သား သာဂိလေ၊ မြို့မှာကျောင်းသွားတက်ရင်း အေးကြည်မဆိုင်မှာမုန့်ဟင်းခါးသွားစားရင်း ကတုံးမနဲ့ညှိခဲ့ကြဆိုပဲ။
ဖေမြ  ။ကောင်းတာပါပဲ- အကြောင်းသိဓါတ်သိတွေပဲဟာ။
သာလှ။  ။အဲဒါကြောင့် ကတုံးမတစ်ယောက်အေးဆေးဖြစ်သွားပြီလို့ ပြောတာပေါ့။
ဖေမြ  ။ကောင်းတာပါပဲ၊ ရွာကမြက်ဖုတ်လေး နေရာပြောင်းစိုက်တော့ ရွာနွားကစားတာပါပဲ- ဟဲဟဲ။
သာလှ။  ။အေးကြည်မတို့တော့ ဘ၀ပြောင်းလဲပါပြီဗျာ။
ဖေမြ  ။ဆောက်ဖြစ်မှ ကျောင်းဒကာပါဗျ။
သာလှ။  ။ဘာပဲဖြစ်ဖြစ်မင်္ဂလာပဲဗျာ- မနောပီတိ ဂွမ်းဆီလေးထိစမ်းပါဗျာ။
ဖေမြ  ။ဝမ်းမြောက်ခြင်းထဲမှာ ပူပန်ခြင်းတွေရော-ရောပါနေလို့ “ကောင်းတယ်”လို့ပြောမယ့်အစား “ကောင်းပါတယ်ဗျာ”လို့ပဲ ပြောပါရစေ။
သာလှ။  ။သူတစ်ပါးကောင်းစားတာ မကျေနပ်ဘူးလား။
ဖေမြ  ။ကျေနပ်ပါတယ်၊ ကျေနပ်ပါတယ် ဒါပေမယ့်-
သာလှ။  ။ဒါပေမမယ့်နဲ့ကိုဖေမြ- အေးကြည်မဆို ဘယ်လောက်ဒုက္ခရောက်ခဲ့လဲ- လင်သေ၊ ဥစ္စာဆုံး နောက်ဆုံးမြို့ကိုပြောင်း မုန့်ဟင်းခါးရောင်းရတယ်။
ဖေမြ  ။ကျုပ်ဖတ်ဖူးတဲ့ မောင်ရင်မောင်၊မမယ်မ ၀တ္ထုထဲက ထားမေလိုသမီးမျိုး--
သာလှ။  ။ဘာမှ ထားမေ မနေနဲ့၊ ကတုံးမလေးကလိမ္မာပါတယ်၊ ဗိုင်းကောင်းကျောက်ဖိလေးပါ။
ဖေမြ  ။စီးတဲ့ရေ ဆည်တဲ့ကန်သင်း ဆိုသလို အထိန်းအသိမ်းလေးကောင်းမှနော်၊ မဟုတ်ရင်တော့ ဥစ္စာဟူသည်မျက်လဲ့မျိုးတဲ့ ပညာသည်သာမြတ်ရွှေအိုးပါဗျာ- ပစ္စည်းဥစ္စာတွေထိန်းသိမ်းနိုင်မှုကလည်း ပညာလိုသေးတာပဲမဟုတ်လား။
သာလှ။  ။ခင်ဗျားတော်တော်လျှာရှည်တာပဲ- ဆင်ပိန်ရင်တော့ ကျွဲလောက်ကျန်ဦးမှာပေါ့၊ ကျုပ်တို့က ကြက်ဖသာသာလောက်ရှိတာ၊ အခုဟာကကျုပ်တို့နဲ့နှိုင်းပြီးပြောနေတာ။
ဖေမြ  ။သြော်-ဒီလိုလား- ကျုပ်က လူနေခြုံကြား စိတ်နေဘုံဖြားဗျ- ဟဲဟဲ။
သာလှ။  ။“၀”မရှိပဲ “၀ိ”လုပ်နေသလား၊ ဒါမှမဟုတ် ဘ၀င်မြင့်ပြီးဘ၀မေ့နေတာလား မသိတော့ပါဘူး၊ ခက်တော့တာပဲ။
ဖေမြ  ။ခက်နေတာ ကျုပ်မဟုတ်ဘူး ဟဲဟဲ။
သာလှ။  ။ကျုပ်လည်းမခက်ပါဘူးဗျာ- ဘာပဲဖြစ်ဖြစ်ဗျာ- အေးကြည်မတို့သားအမိတော့ ခိုင်သွားပြီ။
ဖေမြ  ။ကျမ်းလာစကားကတော့ “ငွေရတတ်သောသူက၊ငါ့စည်းစိမ်သည်ခိုင်ခံ့သောမြို့ဖြစ်၏။ မြင့်သောမြို့ရိုးနှင့်တူသည်ဟုထင်တတ်၏” တဲ့၊ ချမ်းသာတဲ့သူများဗျာ ပစ္စည်းဥစ္စာနဲ့ သူတို့ကိုယ်သူတို့ ခိုင်လှပြီလို့ ထင်တတ်ကြတယ်၊ ကျုပ်ပြောတာမဟုတ်ဘူးနော်၊ သုတ္တံကျမ်း၁၈း၁၁ ကပြောတာ။
သာလှ။  ။ကိုဖေမြတော့ ကျုပ်ကိုကျမ်းနဲ့ကိုင်ပြီ။
ဖေမြ  ။ဆာလံကျမ်း၁၂၇း၁ ထဲမှာ “ထာဝရဘုရားသည်မြို့ကို စောင့်တော်မမူလျှင်၊ ကင်းစောင့်တို့သည်အချည်းနှီးစောင့်ကြ၏”တဲ့။ ကိုသာလှသဘောပေါက်မှာပါနော်။
သာလှ။  ။ပေါက်ပါတယ်ဗျာ-ပေါက်ပါတယ်။
ဖေမြ  ။သုတ္တံကျမ်း၁၆း၉ မှာ“လူသည်မိမိသွားရာလမ်းကို စိတ်ထဲမှာကြံစည်တတ်၏။ သို့သော်လည်း သူ၏ခြေရာတို့ကိုထာဝရဘုရားစီရင်တော်မူ၏” တဲ့။
သာလှ။  ။အေးဗျာ- ကျေးဇူးပါပဲ။ ကျုပ်လည်း ကျုပ်မြင်းကျုပ်စိုင်းရင်းနဲ့ စစ်ကိုင်းမရောက်ခင်မှာ ကျုပ်မြင်း အဖြုပ်ထွက်ပြီး ဂန့်သွားမှ ဟုတ်ပေ့ဖြစ်နေဦးမယ်။
ဖေမြ  ။အဲလိုပဲ ကိုသာလှရေ- ကိုယ့်လှေကိုယ်ထိုးရင်းနဲ့ ပဲခူးကျော်လို့ ဒလလည်းမရောက်ခင် ငမိုးရိပ်နဲ့တွေ့နေမှာ စိုးလို့ သတိပေးပါရစေဗျာ။

God Bless You
Brother Aung

စိတ်နှလုံး


စိတ်နှလုံး
သာလှ။  ။ယေရှုခရစ်တော်နောက်ကို လိုက်တဲ့ လူအုပ်ကြီးထဲမှာ ခလေးတစ်ယောက်ပါတယ်နော်။
ဖေမြ  ။ခလေးတွေတော့ အများကြီးပါမှာပါ၊ အဲဒီခလေးတွေထဲက မုန့်ငါးလုံးနဲ့ငါးနှစ်ကောင်ပါတဲ့ ခလေးတစ်ယောက်ရှိတယ်လို့ ကျမ်းစာကပြောသဗျ၊ ဘာဖြစ်လို့လဲ ကိုသာလှရဲ့။
သာလှ။  ။ဘာမှမဖြစ်ပါဘူးဗျာ- ဒီခလေးဟာ ယေရှုခရစ်တော်နောက်ကို လိုက်ခဲ့ရအောင် သူ့မိဘတွေက ကောင်းကောင်းသွန်သင်ခဲ့တာဖြစ်မယ်၊ အဲဒါကြောင့် ယုံကြည်မှုနဲ့လိုက်လာတာပေါ့၊ နို့မို့ဆို လျှောက်ကစားနေမှာပေါ့၊ မိဘတွေကလည်းတော်တော်သိတတ်တယ်- လမ်းခရီးမှာ သူတို့ခလေးဗိုက်ဆာနေမှာစိုးလို့ စားစရာတွေတောင်ထည့်ပေးလိုက်သေးတယ်။ ပြီးတော့ သူစားမယ်မုန့်ကို သူများတောင်းတော့ပေးလိုက်တယ်- ဘယ်လောက်စိတ်ထားမြင့်မြတ်သလဲ၊ အဲဒီခလေးနဲ့ပတ်သက်ပြီး အတုယူစရာတွေ တစ်ပုံကြီးနော်- ကိုဖေမြ။
ဖေမြ  ။ပြောပြန်ရင်လည်း ဖေမြ- မင်းအလွန်ဖြစ်တော့မယ်။
သာလှ။  ။ကျုပ်ပြောတာ ဘာမှားနေလို့လဲဗျာ။
ဖေမြ  ။ခိုင်ထူးရဲ့ “မကျေနပ်ဖူး”သီချင်းထဲကလို ပြောရရင် “ကိုယ်လိုရာကိုဆွဲတွေးနေရင် တစ်ဖက်သပ်မှန်လိမ့်မယ်” တဲ့- ကိုသာလှရေ။
သာလှ။  ။ကိုဖေမြကလည်း ခက်တယ်ဗျာ။
ဖေမြ  ။မိဘက သားသမီးကို အတတ်ပညာသင်ကြားတာ ဣသရေလလူမျိုးတို့ရဲ့ အစဉ်အလာပါ၊ ပြီးတော့ ကိုသာလှ- ကျုပ်တို့ အင်းယားရှည်ကို ရန်ကုန်က ရုပ်ရှင်အဖွဲ့တွေလာတုန်းက ခလေးရောလူကြီးပါမကျန် သူတို့နောက်လျှောက်လိုက်နေကြတာပဲမဟုတ်လား။ ထားပါတော့လေ ခလေးက ယေရှုခရစ်တော်နောက် လျှောက်လိုက်နေတယ်ဆိုတော့ မိဘတွေကဘာလုပ်နေကြတာလဲ။ မုန့်နဲ့ငါးကို အိမ်မှာမိသားစုစားဖို့ဝယ်ခိုင်းလိုက်တာကောမဖြစ်နိုင်ဘူးလား။ မုန့်ကိုတောင်းတော့ပေးလိုက်တာ လူကြီးတွေကို ကြောက်ပြီးပေးလိုက်တာကောမဖြစ်နိုင်ဘူးလား၊ သူကဘာလုပ်မယ်မှန်းမှမသိတာ။
သာလှ။  ။ကိုဖေမြပြောတာနဲ့ ကျုပ်စိတ်ကူးယဉ်တာလေးပျက်စီးသွားပြီဗျာ။
ဖေမြ  ။ဆောရီးဗျာ-ခင်ဗျားပြောသလိုပြောကြည့်တာပါ၊ တစ်ကယ်တော့ခင်ဗျားရဲ့စိတ်ကူးယဉ်လေးကိုဖျက်ဆီးတာတော့မဟုတ်ဘူးနော်၊ ကျုပ်တို့ကိုက Minor နဲ့ Major ခွဲတတ်ဖို့လိုတာပါ။
သာလှ။  ။အလကားပြောတာပါဗျာ။
ဖေမြ  ။မုန့်ငါးလုံးငါးနှစ်ကောင်နဲ့ လူအုပ်ကြီးကိုယေရှုခရစ်တော်ကကျွေးမွေးခြင်းကိစ္စမှာ အံ့သြဖွယ်ရာ တန်ခိုးတော်ကိုဖေါ်ပြခြင်းသာ Major ပါဗျာ။
သာလှ။  ။ဟုတ်ပါရဲ့ ကျုပ်ကမဆိုင်တာတွေသာ ဋီကာချဲ့ရင်း Minor တွေက Major ကို ဖုံးသွားပြီ။
ဖေမြ  ။ကျမ်းစာလာကိစ္စတွေဟာ အမှတ်တမဲ့ ဖြစ်လာတာမဟုတ်ဘူး၊ စနစ်တကျစီစဉ်ထားတဲ့ကိစ္စပါ- ဘုရားသခင်ဟာ စနစ်ကျတဲ့ဘုရားသခင်ပါ ကိုသာလှ။
ကျမ်းဟောင်းထဲမှာဆို အာဗြဟံ ယဇ်ပူဇော်တဲ့ကိစ္စမှာဆို ကြည့်စမ်း ယဇ်ကောင်ဟာ အဲဒီအချိန်မှာမှ ဘယ်ကဘယ်လိုရောက်လာလဲ၊ ကျမ်းသစ်ထဲမှာဆို ယေရှုခရစ်တော် ယေရုရှလင်မြို့ထဲဝင်ရင်စီးဖို့ မြည်းက ဘယ်ကဘယ်လို ရလဲ။ အဲဒါတွေဟာ အမှတ်တမဲ့လို့ ယူဆသလား-ကိုသာလှ။
သာလှ။  ။ကျုပ်သိပြီ- ကျုပ်အသေအချာသိပြီ- ကိုဖေမြ။
ဖေမြ  ။သိခြင်းအခွင့်ကို ယ္ခု ဘုရားသခင်က ကိုသာလှကိုပေးပြီ လက်ခံပုံ လက်ခံနည်းကတော့ ကိုယ့်ရဲ့ စိတ်နှလုံးနဲ့ပဲဆိုင်တယ်။
သာလှ။  ။ဘာတဲ့။
ဖေမြ  ။စိတ်နှလုံး။

God Bless You
Brother Aung