အတ္တကိုဘုရားသိတယ်


အတ္တကိုဘုရားသိတယ်
သာလှ။  ။ပြီးခဲ့တဲ့နွေတုန်းက ကျုပ်တို့အသင်းတော်က လူငယ်တွေ ထိန်ပင်သာရွာမှာ လူငယ်ဓမ္မသင်တန်းသွားလုပ်ခဲ့တာ မှတ်မိသေးလား။
ဖေမြ  ။သိပ်မှတ်မိတာပေါ့- ခင်ဗျားကျုပ်ကိုခေါ်သေးတယ်လေ၊ ကျုပ်လည်း အဲဒီတုန်းက ဗိုက်ထဲကအောင့်အောင့်နေလို့ မလိုက်ဖြစ်တာလေ- ဟဲဟဲ။
သာလှ။  ။ကိုဖေမြကို ဒီသင်တန်းလေးရဲ့အတွေ့အကြုံတွေ ပြန်ပြီးဝေမျှရဦးမယ်။
ဖေမြ  ။လုပ်ပါဦး။
သာလှ။  ။သင်တန်းကတော့ တော်တော်ကောင်းတယ်ဗျ၊ သင်တန်းဆရာတွေလည်းတော်၊ သင်တန်းသားတွေလည်းတော်ဗျာ။
ဖေမြ  ။သြော်- ဟတ်လား။
သာလှ။  ။သင်တန်းနောက်ဆုံးနေ့မှာ ရာထားစံပြသင်တန်းသား(၆)ယောက်ရခဲ့သဗျ။
ဖေမြ  ။အဲဒီထဲက ဘယ်နှယောက်ရွေးမှာလဲ။
သာလှ။  ။နှစ်ယောက်လေ၊ စံပြသင်တန်းသူနဲ့ စံပြသင်တန်းသား။ အဲ- သူတို့(၆)ယောက်ကို အင်တာဗျူးတယ်ဗျာ။
ဖေမြ  ။အလဲ့- တယ်ဟုတ်ပါလား၊ အင်တာဗျူးတွေဘာတွေနဲ့။
သာလှ။  ။အင်တာဗျူးထဲက မေးခွန်းတစ်ခုက “ဒီသင်တန်းလာတဲ့ လူတွေထဲမှာ ဘယ်သူ့ကို ကြည့်မရသလဲ” တဲ့၊ ဒီမေးခွန်းကို ကျုပ်ပဲထုတ်တာ။ ဒီ စံပြရာထား(၆)ယောက်က ဘာဖြေသလဲသိလား- ကိုဖေမြ။
ဖေမြ  ။စိတ်ထဲ သိနေသလိုလိုပဲ- ဆက်ပါဦး။
သာလှ။  ။ကျုပ်ကို ကြည့်မရဘူးတဲ့ဗျာ၊ မျက်စိကို ပြူးထွက်သွားတာပဲ။
ဖေမြ  ။ဖြစ်မှဖြစ်ရလေ- ကိုသာလှရယ်၊ ရေစိမ်များလို့နေမှာပါ။
သာလှ။  ။ကျုပ်က စုန်းပြူးလေ၊ ရေစိမ်များရင် ပွတတ်တဲ့ ငပွကြီးမဟုတ်ဖူး။
ဖေမြ  ။ဒါဆိုလည်း အလကားနောက်တာနေမှာပေါ့။
သာလှ။   ။သိပါတယ်ဗျာ- ဒီခလေးတွေ ကျုပ်ကို အုံနဲ့ကျင်းနဲ့ဖဲ့ကြတာ။
ဖေမြ  ။မေတ္တာရှေ့ထားစမ်းပါဗျာ။
သာလှ။  ။စေတနာမေတ္တာကရှေ့မှာ နောက်မှာကကျုပ်၊ အခုဟာက ရှေ့ကဟာကျော်ပြီး ကျုပ်ဆီတိုက်ရိုက်ရောက်လာတာ။
ဖေမြ  ။ကိုယ့်ကိုကိုယ်ပြန်ဆန်းစစ်ကြည့်ပါဦး လို့ ဂလာတိသြ၀ါဒစာ(၆း၎) ထဲမှာပြောသဗျ။
သာလှ။  ။ဆန်းစစ်ပါသကော ကိုဖေမြရယ်။
ဖေမြ  ။အပြစ်သွေးဆောင်ရာသို့ မလိုက်မပါစေပဲ မကောင်းသောအမှုအရာမှ ကိုသာလှကို ကယ်ထုတ်တော်မူပါဘုရားသခင် အာမင်။
သာလှ။  ။ဆောရီးဗျာ ဆောရီး၊ ကျုပ်ကလည်း ဒေါကီးလာလိုက်တာနော် ပြောရင်းပြောရင်းနဲ့။
ဖေမြ  ။ယေရှုခရစ်တော်က “ငါသည်နူးညံ့သိမ်မွေ့နိမ့်ချသောသဘောရှိ၏” တဲ့ ကိုသာလှ။ 
သာလှ။  ။စည်းကမ်းကိုပုံဖေါ်တာ များသွားပြီနဲ့တူပါတယ်ဗျာ။
ဖေမြ  ။ကိုယ်ဖြစ်စေချင်တာ ကို ပုံဖေါ်တာများသွားတာဖြစ်ပါလိမ့်မယ်။
သာလှ။  ။ကျုပ်လည်းစဉ်းစားမိပါတယ်။
ဖေမြ  ။ခလေးတွေကို ကျေညက်လွယ်တဲ့အစာကျွေးပါ ကိုသာလှ။
သာလှ။  ။ဟုတ်တယ် ကျုပ်နည်းနည်းကျပ်လိုက်မိတယ်။
ဖေမြ  ။“အပြစ်မှလွတ်ခြင်း၊ ဒုစရိုက်အပြစ်ကို ဖုံးအုပ်တတ်သောသူတို့သည် မင်္ဂလာရှိကြ၏” တဲ့ ကိုသာလှရေ- ရောမသြ၀ါဒစာ(၄းရ)မှာ ပြောထားတယ်။
သာလှ။  ။အေးဗျာ- ကျုပ်ရဲ့ Timeline Counterလေးမကုန်ခင် အထိ သတိထားရတော့မယ်။
ဖေမြ  ။ရောမသြ၀ါဒစာ အခန်းကြီး၂ အခန်းငယ်၁၈ ကနေ ၂၄ အထိ ဖတ်ပြမယ်နော်။
သာလှ။  ။ဖတ်ပြပါ ကိုဖေမြ။
ဖေမြ  ။“အလိုတော်ကိုသိသောသူ၊ ပညတ်တရားတော်ကို လေ့ကျက်သဖြင့် ခြားနားသော အရာတို့ကို ပိုင်းခြားတတ်သောသူ ဖြစ်သည်နှင့်၊ လူကန်းတို့အား လမ်းပြသောသူ၊ မှောင်မိုက်၌နေသောသူတို့ကို လင်းစေသောသူ၊ လူမိုက်တို့ကို ဆုံးမတတ်သောသူ၊ သူငယ်တို့ကို နည်းပေး သောသူ၊ ပညတ်တရားတော်အားဖြင့် ပညာကို၎င်း၊ သမ္မာတရားကို၎င်း ရိပ်မိသောသူဖြစ်သည်ဟူ၍၊ ကိုယ်ကိုထင်မှတ်တတ်သည်မှန်လျှင်၊ သူတပါးကို ဆုံးမလျက်ပင် ကိုယ်ကိုဆုံးမသလော။ သူ့ဥစ္စာကိုမခိုး နှင့်ဟု တရားဟောလျက်ပင် ကိုယ်တိုင်ခိုးသလော။ သူ့မယားကို မပြစ်မှားနှင့်ဟုဆိုလျက်ပင် ကိုယ်တိုင် ပြစ်မှားသလော။ ရုပ်တုကို စက်ဆုပ်ရွံရှာလျက်ပင် ဗိမာန်တော်ကို လုယူဖျက်ဆီးသလော။ ပညတ်တရား တော်ကို အမှီပြု၍ ဝါကြွားလျက်ပင် ထိုတရားကိုလွန်ကျူး၍ ဘုရားသခင်၏ ဂုဏ်အသရေတော်ကို ရှုတ်ချ သလော။ အကြောင်းမူကား၊ ကျမ်းစာ၌ လာသည်နှင့်အညီ၊ တပါးအမျိုးသားတို့သည် သင်တို့အကျင့်ကို ထောက်၍ ဘုရားသခင်၏နာမတော်ကို ကဲ့ရဲ့တတ်ကြ၏။” အာမင်။
သာလှ။  ။ကျုပ်အတ္တကို ဘုရားသိနေပါလား။
ဖေမြ  ။အတ္တကို ဘုရားသိတယ်။

God Bless You
Brother Aung