ဘွာတေး


ဘွာတေး
သာလှ။  ။ကိုဖေမြရေ- ကျုပ်တော့ဘုရားကျောင်းမှာ အရှက်ကွဲခဲ့သဗျ။
ဖေမြ  ။ဟေ- ဘာဖြစ်တာလဲ။
သာလှ။  ။ဟို- ဧည့်သည်ဆရာဗျာ- သူ့ဟာသူတရားဟောနေရာကနေ ကျုပ်ကိုလှမ်းမေးခွန်းထုတ်သဗျ၊ ကျုပ်အဖြေမတတ်တော့ လူတွေက၀ိုင်းဟားကြသဗျာ။
ဖေမြ  ။ဟားဟားဟား ဖြစ်မှဖြစ်ရလေ ကိုသာလှရယ်၊ ဒါနဲ့ ဘာမေးလို့ ဘာကိုဖြေခဲ့သတုန်း။
သာလှ။  ။ဘာမေးမှန်းလဲမသိပါဘူး ကျုပ်ဖြေတာကိုက မှားသွားတာပါ။
ဖေမြ  ။ထူးခြားဖြစ်စဉ်တော့ဖြစ်နေပါပြီ။ ဘာဖြေလိုက်လဲဗျ။
သာလှ။  ။“ကျုပ်အိပ်မငိုက်ပါဘူး” လို့ ဖြေလိုက်တယ်။
ဖေမြ  ။နိပ်ဟဲ့ဖေမြ။
သာလှ။  ။ကျုပ်လည်း အိပ်မှုန်စုတ်ဖွါးနဲ့ ဆိုတော့ “အိပ်ငိုက်နေသလား”လို့ မေးတယ်ထင်တာ။
ဖေမြ  ။ဆရာတစ်ချို့က စတိုင်လ်ရှိမှ စတားဖြစ်မယ် ထင်လား မသိပါဘူး၊ တရားပလ္လင်ပေါ်ကနေ မေးခွန်းတွေလှမ်းလှမ်းထုတ်တတ်တယ်၊ မဖြေနိုင်ကြဘူးဆိုရင်“၀ါ”တက်တာပေါ့ဗျာ၊ “ယင်”ဆိုရင်လည်း မဟုတ်ဘူး“ယန်”လို့ပြောဦးမယ်၊ မီးစင်လည်းကြည့် က တတ်ပ၊ ခက်ပါတယ်ဗျာ။
သာလှ။  ။အဲလိုပဲဖြစ်ခဲ့ကြတာထင်တယ်၊ ကျုပ်သိသလောက်တော့ တစ်ယောက်မှ ဖြောင့်အောင်မဖြေနိုင်ခဲ့ကြဘူး။
ဖေမြ  ။ကျုပ်ကိုမေးခဲ့ရင် ကျုပ်ဘာပြန်ဖြေမလဲသလား ကိုသာလှ။
သာလှ။  ။ဘယ်ပြောတတ်မလဲ။
ဖေမြ  ။“မသိဘူးပြောရင်လည်း ညံ့ရာကျမယ်၊ မပြည့်စုံရင်လည်း မှားတယ်ပြောဦးမယ်၊ ဒီတော့ ပေးသူဆရာနဲ့ယူသူတပည့် ပေးသူသဒ္ဓါမှ ယူသူစိတ်ကြည်ဖြူမယ့်အရေးမို့ တပည့်ကျေနပ်အောင် ဆရာအရင်ဖြေကြည့်ပါဦး” လို့ ပြောမှာ။
သာလှ။  ။တရားဟောတဲ့ဆရာ စိတ်ဆိုးမှာပေါ့။
ဖေမြ  ။စိတ်ဆိုးစရာလာဗျာ၊ မှားတာဘာရှိလို့လဲ။
သာလှ။  ။ဟိုက ဆရာလေ။
ဖေမြ  ။“ဆရာ”မပြောနဲ့ “ပရောဖက်”တောင် မယုံရဘူးလို့ ကျမ်းစာထဲမှာပြောထားတာ။
သာလှ။  ။ဟေ- ပရောဖက်တောင်၊ မဟုတ်မဟတ်မပြောပါနဲ့ဗျာ ကိုဖေမြရာ။
ဖေမြ  ။အယ် ကိုသာလှကလည်း လူကိုမပြောနဲ့ ပရောဖက်အချင်းချင်းတောင် လိမ်သဟ၊ ဓမ္မရာဇ၀င်(၁၃)မှာဖတ်ကြည့်စမ်းပါဦး၊ ဘုရားသခင်က ပရောဖက်ငယ်တစ်ပါးကို ဘုရင်ယေရောဗောင်ဆီလွတ်လိုက်တယ်၊ ကိစ္စတစ်ခုနဲ့ပေါ့ဗျာ၊ နောက်ပြီးမှာလိုက်သေးတယ် ဟိုအရပ်မှာ “ဘာမှမစားနဲ့၊ ရေလည်းမသောက်နဲ့၊ သွားတဲ့လမ်းကလည်း မပြန်နဲ့” တဲ့။ မစ်ရှင်က(၄)ခုနော်။
   ခိုင်းလိုက်တဲ့အမှုကိစ္စပြီးတော့ ဘုရင်ယေရောဗောင်က စားကောင်းသောက်ဖွယ်များနဲ့ တည်ခင်းဧည့်ခံတော့ ပရောဖက်ငယ်က ငြင်းဆန်တယ် ဘုရားသခင်မှာလိုက်တဲ့စကားတွေကိုလည်း ပြန်ပြောပြတယ်၊ ဘုရင်ကလည်း နားလည်လက်ခံပါတယ်။ ဒါနဲ့ ကိစ္စပြီးတော့ ပြန်တာပေါ့။
   ပရောဖက်ငယ်ပြန်တဲ့အကြောင့်း  ဒီမြို့မှာရှိတဲ့ ပရောဖက်ကြီးတစ်ပါးက သတင်းကြားတော့ လိုက်ခေါ်စေသဗျ၊ ပရောဖက်ကြီးက “မင်းကိုဧည့်ဝတ်ပြုပါရစေကွာ”လို့ ပြောတော့ ပရောဖက်ငယ်က “ဟာ- မလုပ်ပါနဲ့၊ ဘုရားကမှာလိုက်တယ်၊ ဒီအရပ်မှာ ဘာမှမစားနဲ့၊ မသောက်နဲ့၊ ပြီးတော့ လာခဲ့တဲ့လမ်းကလည်းမပြန်နဲ့ တဲ့” လို့လေ။ ပရောဖက်ကြီးက ဒီစကားကိုလက်မခံပါဘူး၊ “တကတည်းကွာ မင်းကလည်း၊ ငါလည်း ဘုရားရဲ့လူပါကွ၊ မင်းကိုဧည့်ခံဖို့ ငါ့ကို ဘုရားသခင်က မှာထားတာကွ”ဆိုပြီး ညာတော့ ပရောဖက်ငယ်တွေဝေခဲ့ရပေါ့ဗျာ၊ နောက်ဆုံး ပရောဖက်ငယ်လည်း “သြော်- သူလည်း ဘုရားလူပါပဲ၊ ယုံလောက်တယ်” ဆိုပြီး ကျွေးတာစားမိပါတယ်၊ ဒါနဲ့ အပြန်လမ်း ကျတော့ ခြင်္သေ့ကိုက်လို့သေရောဗျာ။
  ဒီနေရာမှာ ဆိုးတာက ပရောဖက်ကြီးဟာ ပရောဖက်ငယ်က ဘုရားအမည်တပ်ပြီးရှင်းပြတာတောင် မရဘူး လက်မခံဘူး၊ သူလုပ်ချင်ရာ ဇွတ်ပဲ။ ပရောဖက်ငယ်လည်း အားနာတတ်တယ်၊ စီနီယာကို ကြောက်တယ်နဲ့ တူပါတယ်၊ ဒါနဲ့ပဲ သူသေရော။
သာလှ။  ။ဒီမယ် ကိုဖေမြ။
ဖေမြ  ။ဘာလဲ ကိုသာလှရဲ့။
သာလှ။  ။ဟိုဆရာကို အပြစ်တင်ချင်ပါတယ် လို့ ကျုပ်တစ်လုံးမှ မပြောသေးဘူးနော်၊ ခင်ဗျားပြောတာနဲ့ ကျုပ်လည်း လေကြုံလိုက်မိတော့မလို့။
ဖေမြ  ။ဟေ- ဟုတ်သားပဲ- အဲဒါဆိုလည်း- ဘွာတေး။

God Bless You
Brother Aung