အဲဒါသူ့သား
သာလှ။ ။ကယ်တင်ခြင်းရရှိပြီးတဲ့ သူတစ်ယောက်ဟာ အကြောင်းတစ်ခုခုကြောင့်
သူရရှိထားတဲ့ ကယ်တင်ခြင်းဆုကျေးဇူး ဆုံးရှုံးနိုင်သလား ကိုဖေမြ။
ဖေမြ။ ။ဒီမေးခွန်းမျိုးဆို ကျုပ်သိပ်မဖြေချင်ဘူးဗျာ နော်-ကိုသာလှ။
သာလှ။ ။ဘာဖြစ်လို့လဲ။
ဖေမြ။ ။ဒီလိုမေးခွန်းတွေမေးပြီး ညီအစ်ကိုချင်း အနိုင်လုနေကြတာကလား၊
အခုဟာက ကျုပ်ကမှ ဘာမျှမတတ်တာ၊ ဒေါကထာ တို့ ဘာတို့လို အမြှီးတွေ အစွယ်တွေနဲ့မှ တော်ရုံကျတာ။
သာလှ။ ။ဘာမှမတတ်လည်း ဘာဖြစ်လဲ၊ အခုဟာက ကျုပ်မေးတာပဲဟာ၊
ကျုပ်က ခင်ဗျားလောက်မှ နားမလည်တော့ ကျုပ်ကို ဆရာလုပ်စမ်းပါ။
ဖေမြ။ ။မျက်ကန်းကို မျက်ကန်း လမ်းပြရင်တော့ နှစ်ယောက်စလုံး
ချောက်ထဲကျကုန်တော့မှာပေါ့။
သာလှ။ ။သမ္မာကျမ်းစာထဲမှာ ဖတ်ခဲ့ဖူးတာလေးဘာလေး မရှိဘူးလားဗျ။
ဖေမြ။ ။ရှိတာပေါ့- ဒါပေမယ့် ဆိုင်မဆိုင်တော့ နားထောင်သူနဲ့ပဲဆိုင်တယ်။
သာလှ။ ။လုပ်စမ်းပါဦးဗျ။
ဖေမြ။ ။သမ္မာကျမ်းစာထဲပါတာပြောမယ်နော်။
သာလှ။ ။ပြောပါပြောပါ။
ဖေမြ။ ။တစ်ခါတုန်းက သူဌေးကြီးတစ်ယောက်မှာ သားလေးတစ်ယောက်ရှိသတဲ့၊
တစ်နေ့ကျတော့ အဲဒီသားလေးက အဖေ့ရဲ့လောင်းရိပ်အောက်မှာ မနေချင်ဘူး ကိုယ်ထူးကိုယ်ချွန်ဖြစ်အောင်
ကြိုးစားမယ် ဘာမယ်နဲ့ ဖအေ့ဆီက အမွေတွေတောင်းပြီး အိမ်ကဆင်းသွားသတဲ့၊ အဲလိုနဲ့ တစ်တိုင်းတစ်ဌာနေ
ရောက်သွားခဲ့တာပေါ့ဗျာ။
ပါလာတဲ့ ပိုက်ဆံတွေလည်း “သုံးလို့မကုန်၊ ဖြုန်းလို့ကုန်၊
စားလို့မကုန်၊ မှားလို့ကုန်”
ဆိုသလိုပဲ သုံးရင်ဖြုန်းရင်းစားရင်းမှားရင်းနဲ့ပဲ
ကုန်လေရောပေါ့ဗျာ။
စားဖို့သောက်ဖို့မျှတောင် မကျန်လေရှာတော့ သူများဆီ
သူရင်းငှါး ၀င်လုပ်သဗျ။
သူ့ရဲ့ သူရင်းငှါးအခသား အလုပ်က ၀က်တွေကို ကျောင်းရတယ်တဲ့
ဗျာ၊ သူဌေးသားဟာ အဲဒီအလုပ်ကို ကာလအတော်ကြာလုပ်ရတယ်။
တစ်နေ့ အလုပ်လုပ်ရင်းနဲ့ လူကလည်းပန်း၊ ဗိုက်ကလည်းဆာ၊
စားဖို့လည်း ဘာမျှမကျွေးလေတော့ သြော် သူ့ခမျာ ၀က်ကိုကျွေးဖို့လုပ်ထားတဲ့ အစာတွေ စားရတာပေါ့ဗျာ၊
စိတ်ထဲမှာလည်း တော်တော်လေး နောင်တရနေပါသတဲ့၊ သူ့ဖအေ့ဆီမှာ လုပ်တဲ့ အလုပ်သမားတွေတောင်
သူ့လိုအခြေအနေမျိုး တစ်ယောက်မျှ မခံစားရဖူးဘူး၊ ကောင်းကောင်းနေကောင်းကောင်းစားကြရတယ်၊
သူအဖေဆီပြန်မယ်၊ ရောက်ရင် သူရင်းငှါး ၀င်လုပ်ခွင့်ရဖို့ တောင်းပန်မယ် ဆိုပြီး နောင်တစိတ်နဲ့
အဖေ့ဆီပြန်ခဲ့တာပေါ့ဗျာ။
အဖေကလည်း ဟယ် ငါ့သားလေးပြန်လာပြီ ဆိုပြီး ၀မ်းပန်းတသာ
ဆီးကြိုပွေ့ဖက်ရှာသတဲ့၊ ၀မ်းသာတဲ့အနေနဲ့ ပျော်ပွဲရွှင်ပွဲတွေ ခြိမ့်ခြိမ့်သည်း ကျင်းပသတဲ့ဗျာ၊
အဖေ့ရဲ့သူရင်းငှါး ပဲလုပ်မယ်လို့ ပြန်လာတဲ့ သားကို အဖေ သူဌေးကြီးက သားအရာမှာပဲ ပြန်ထားသတဲ့။
အဲဒါ သူ့သားကိုး။ ပုံပြင်လေးကတော့ ဒါပါပဲ ဗျာ။
သာလှ။ ။ငယ်ငယ်လေး ကတည်းက ကြားဖူးခဲ့တဲ့ပုံပြင်လေး၊ တစ်ကယ့်ကို
အရေးကြီးတဲ့အကြောင်းအရာတွေ၊အနက်အဓိပ္ပါယ်တွေနဲ့ ပြည့်နှက်နေတာ ပဲနော်။
ဖေမြ။ ။ကယ်တင်ခြင်းရရှိ ပြီးတဲ့သူတစ်ယောက်ဟာ အကြောင်းတစ်ခုခုကြောင့်
သူရရှိထားတဲ့ ကယ်တင်ခြင်းဆုကျေးဇူး ဆုံးရှုံးနိုင်သလား ဆိုတဲ့ ခင်ဗျားရဲ့ မေးခွန်းကို
ကျုပ်မဖြေတော့ဘူးနော်။
သာလှ။ ။မဖြေလည်းရပါတယ်ဗျာ၊ ကျုပ်သဘောပေါက်ခဲ့ပြီမို့ ကျေးဇူးပဲဗျာ။
ဖေမြ။ ။“ယုံကြည်သောအားဖြင့်
ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ရောက်ရာ၏၊ ကိုယ်အလိုလျောက်ရသည်မဟုတ်၊ဘုရားသခင်ပေးသနားတော်မူရာဖြစ်သတည်း။သို့ဖြစ်၍
အဘယ်သူမျှ ၀ါကြွားစရာအကြောင်းမရှိ။” လို့ ဧဖက်သြ၀ါဒစာ(၂း၈-၉)မှာပြောသဗျ၊ တစ်ကယ်တော့
ဘုရားပေးတဲ့ ဆုကျေးဇူးသက်သက်ပါဗျာ။
သာလှ။ ။သြော်- သူ့သား-သူ့သား-။
God Bless You
Brother Aung