သမ္မာတရားကိုသိခွင့်ပြုပါ


သမ္မာတရားကိုသိခွင့်ပြုပါ
သာလှ။  ။ဦးတင်လှကြီး ဘာပြောသလဲသိလား ကိုဖေမြ။
ဖေမြ  ။ဘယ်သိမလဲဗျ။
သာလှ။  ။အခု သူ အိုပြီ- ဒီအချိန်မှာ သူအလိုအပ်ဆုံးက သူကိုပြုစုမယ့် သားသမီးတစ်ယောက် တဲ့ ဗျ။ အခုတော့ သူ့သားသမီးတွေက တစ်နယ်တစ်ကျေးရောက်သူရောက် တစ်ပြည်တစ်ရွာရောက်သူကရောက်နဲ့ တဲ့။
ဖေမြ  ။ဘုရားသခင်ရဲ့ ကျေးဇူးတော်ခံစားရသော လူ့ဘ၀ရဲ့နောက်ဆုံးနေ့ရက်များပေါ့ဗျာ။
သာလှ။  ။ ပြောရင်းပြောရင်း ပုံပြင်လေးတစ်ပုဒ်မှတ်မိလာတယ် ဘယ်သူရေးလဲဆိုတာတော့မသိတော့ဘူး။
ဖေမြ  ။ဘာတဲ့လဲ။
သာလှ။  ။တစ်ခါတုန်းက သမီးနှစ်ယောက်၊ သားနှစ်ယောက် နဲ့ အဖေကြီးတစ်ယောက်ရှိ ဆိုပဲ။ အဖေကြီးက သားတွေဆိုသိပ်ချစ်တယ် တစ်နေ့ကျအားကိုးရမယ့် သူ့ရဲ့လက်ရုန်းတွေဆိုပဲ၊ သမီးတွေဆို ထောင့်ချိတ်။
  အဲလိုနဲ့ အချိန်တွေကြာလာတော့ သားသမီးတွေလည်း အိမ်ထောင်ရက်သားကျ အတောင်စုံတော့ လေဟုန်စီးကုန်ကြပြီပေါ့။
  အဲလိုနဲ့တစ်နေ့ အဖေကြီးနေမကောင်းဖြစ်သတဲ့၊ သူလည်းသူ့သားသမီးတွေရဲ့ အပြုအစုကို ခံချင်တာပေါ့လေ၊ ဒီတော့ သားသမီးတွေဆီ အဖေအသည်းအသန်ဖြစ်နေတယ်လို့ စာကြုံလေးပါးရတော့တာပေါ့။
  သမီးတွေကတော့ အဖေနေမကောင်းဘူးဆိုတဲ့စာရတာနဲ့ ချက်ခြင်းပြေးလာခဲ့ကြသဗျ၊ သားတွေကတော့ သိတယ်မဟုတ်လား သားတွေလေ ပိုက်ဆံလေးပဲ ပို့လိုက်တယ်၊ အဖေရေ လူတော့မလာနိုင်အားသေးဘူး တဲ့ ဟဲဟဲ။
  အဖေကြီး ဒေါကီးပြီပေါ့ဗျာ ဟဲဟဲ၊ သူအလိုအပ်ဆုံးအချိန်မှာ သူလက်တွေမရှိလို့လေ၊ သားတွေကသူ့လက်ရုန်းတွေလေ ဟဲဟဲ။
  ဒီလိုနဲ့ အဖေကြီးနေပြန်ကောင်းလာခဲ့ပါတယ်၊ နေပြန်ကောင်းလာတော့ ဆဲနိုင်ဆိုနိုင်ပြီလေ၊ စိတ်ဆိုးဆိုးနဲ့ သားတွေပို့လိုက်တဲ့ ငွေတွေအားလုံးပြန်ပို့လိုက်တယ် နောက်ပြီး “ငါလိုတာ မေတ္တာကွ၊ ပိုက်ဆံမဟုတ်ဘူး” လို့လည်း ပြောလိုက်သေးတယ်၊ နောင်တလည်း အရမ်းရနေပါသတဲ့ သမီးတွေကို မချစ်ခဲ့မိလို့လေ။
  ပုံပြင်လေးကတော့ဒါပါပဲ-ကွယ်-
ဖေမြ  ။အဖေကြီးတော့ နောက်ထပ်နောင်တရဦးမယ်။
သာလှ။  ။ဘာရယ်- ဘာလို့နောင်တ ရ ရမှာလဲ။
ဖေမြ  ။ဘာလို့ သူများစေတနာနဲ့ပို့လိုက်တဲ့ ပိုက်ဆံတွေပြန်ပို့တာလဲ၊ ဟိုမှာသားလုပ်တဲ့သူက အဆင်ပြေလားမပြေလားမသိပဲနဲ့၊ နောက်ပြီး သူသားက သူများသမီးကို ယူပြီး ဘ၀တစ်ခုထူထောင်ထားကြတာ၊ သူကိုယ်သူ တစ်ဝက်ပဲပိုင်တယ်၊ သားသမီးတွေရှိနေရင်တော့ တစ်ဝက်တောင်ပိုင်မှာမဟုတ်ဘူး၊ နောက်ပြီး ပိုက်ဆံဆိုတာကလည်း အလကားရထားတာမဟုတ်ဘူး ချွေးနှဲစာ၊ ခေတ်ကာလအရ အဲဒါသူ့သားတစ်ယောက်တည်း လုပ်စာမဟုတ်ဘူး၊ ချွေးမဖက်မှာလည်း အဖေရှိတယ်ဆိုတာ သိထားသင့်တယ်၊ မေတ္တာမပို့နိုင်လို့ စေတနာတွေ ပို့လိုက်တာ၊ စေတနာကို ဒေါသနဲ့ ဖုံးအုပ်လိုက်တော့ ဝေဒနာဖြစ်ပြီပေါ့။ အဲဒါကြောင့်ပြောတာ ဘုရားစကားနားမထောင်တဲ့ အဲဒီ အဖေကြီးလုပ်တဲ့လူ နောက်ထပ်နောင်တရဦးမယ်။
သာလှ။  ။နေဦး နေဦး “ဘုရားစကား နားမထောင်” ဆိုတဲ့ စကားလုံးပါတယ်၊ ဘာများလဲဗျ။
ဖေမြ  ။မိဘတို့ သားသမီးကိုစိတ်ဆိုးအောင်မပြုနဲ့ လို့ ကျမ်းစာလာတယ်မဟုတ်လား။
သာလှ။  ။ကိုယ်မိဘကို ရိုသေစွာပြုလော့ လို့လည်း ပြောထားသေးတယ်လေ။
ဖေမြ  ။ဂျာအေးကို သူ့အမေရိုက်တာ ဂျာအေးရဲ့အပြစ်လား ဒါမှမဟုတ် သူ့အမေရဲ့ ဒေါသက အပြစ်လား မသိတော့ပါဘူး။
သာလှ။  ။ဟုတ်တယ် ခက်တော့အခက်သားနော်။
ဖေမြ  ။လူဟာ စိုက်တဲ့အတိုင်းရိတ်ရမယ် လို့ ကျမ်းစာလာထားတယ် နော်။
သာလှ။  ။ကောင်းကောင်းစားချင်ရင် ကောင်းကောင်းစိုက်ခဲ့ဖို့လိုတယ်ပေါ့ ဟုတ်လား။
ဖေမြ  ။ပေါ့ပေါ့လျော့လျော့ နေလာခဲ့ပြီးမှ အခုတော့နားရွက်ပြတ်ပြီပေါ့။
သာလှ။  ။ဘာလဲဗျ နားရွက်ပြတ်တာ။
ဖေမြ  ။အမေက မဆုံးမတော့ သားကဒါးပြဖြစ်တယ်၊ ဒါးပြတိုက်တော့ အဖမ်းခံရတယ်၊ အသတ်ခံရတော့မယ့်ဆဲဆဲ အမေ့ကိုခေါ်တယ်၊ အမေက သူ့သားသူ့ကို ရတနာတွေမြုပ်ထားတဲ့နေရာ ပြောပြမယ်လို့ထင်တယ်၊ အဲဒါနဲ့ သူ့သားစကား တိုးတိုးလေးနားထောင်ဖို့ သူ့သားဆီကပ်သွားတယ်၊ အဲဒါနဲ့ သူ့သားက သူ့အမေနားရွက်ကို ကိုက်ဖြတ်လိုက်တယ်၊ ပြီးတော့ပြောလိုက်တယ် “ကျုပ်ကို အမေမဆုံးမလို့ ဒီလိုဖြစ်ရတာ” လို့။
ပုံပြင်လေးကတော့- ဒါပါပဲ ဟဲဟဲ။
သာလှ။  ။ကြားရတာနဲ့တင် ရင်မောလိုက်တာဗျာ၊ မိဘတွေကလည်း သမ္မာတရားထဲရောက်အောင် မသွန်သင်ကြဘူးဗျာ။
ဖေမြ  ။သွန်သင်ရအောင်သူတို့ကိုယ်တိုင်က သိမှမသိတာ။
သာလှ။  ။သမ္မာတရားကို သိအောင်ဘယ်လိုလုပ်မလဲ ကိုဖေမြ။
ဖေမြ  ။သမ္မာတရားကိုသိအောင် ယုံကြည်စိတ်ဖြင့် ဘုရားသခင်ထံဆုတောင်းပါ။

God Bless You
Brother Aung