Saturday, June 22, 2013

စိတ်နှလုံး


စိတ်နှလုံး
သာလှ။  ။ယေရှုခရစ်တော်နောက်ကို လိုက်တဲ့ လူအုပ်ကြီးထဲမှာ ခလေးတစ်ယောက်ပါတယ်နော်။
ဖေမြ  ။ခလေးတွေတော့ အများကြီးပါမှာပါ၊ အဲဒီခလေးတွေထဲက မုန့်ငါးလုံးနဲ့ငါးနှစ်ကောင်ပါတဲ့ ခလေးတစ်ယောက်ရှိတယ်လို့ ကျမ်းစာကပြောသဗျ၊ ဘာဖြစ်လို့လဲ ကိုသာလှရဲ့။
သာလှ။  ။ဘာမှမဖြစ်ပါဘူးဗျာ- ဒီခလေးဟာ ယေရှုခရစ်တော်နောက်ကို လိုက်ခဲ့ရအောင် သူ့မိဘတွေက ကောင်းကောင်းသွန်သင်ခဲ့တာဖြစ်မယ်၊ အဲဒါကြောင့် ယုံကြည်မှုနဲ့လိုက်လာတာပေါ့၊ နို့မို့ဆို လျှောက်ကစားနေမှာပေါ့၊ မိဘတွေကလည်းတော်တော်သိတတ်တယ်- လမ်းခရီးမှာ သူတို့ခလေးဗိုက်ဆာနေမှာစိုးလို့ စားစရာတွေတောင်ထည့်ပေးလိုက်သေးတယ်။ ပြီးတော့ သူစားမယ်မုန့်ကို သူများတောင်းတော့ပေးလိုက်တယ်- ဘယ်လောက်စိတ်ထားမြင့်မြတ်သလဲ၊ အဲဒီခလေးနဲ့ပတ်သက်ပြီး အတုယူစရာတွေ တစ်ပုံကြီးနော်- ကိုဖေမြ။
ဖေမြ  ။ပြောပြန်ရင်လည်း ဖေမြ- မင်းအလွန်ဖြစ်တော့မယ်။
သာလှ။  ။ကျုပ်ပြောတာ ဘာမှားနေလို့လဲဗျာ။
ဖေမြ  ။ခိုင်ထူးရဲ့ “မကျေနပ်ဖူး”သီချင်းထဲကလို ပြောရရင် “ကိုယ်လိုရာကိုဆွဲတွေးနေရင် တစ်ဖက်သပ်မှန်လိမ့်မယ်” တဲ့- ကိုသာလှရေ။
သာလှ။  ။ကိုဖေမြကလည်း ခက်တယ်ဗျာ။
ဖေမြ  ။မိဘက သားသမီးကို အတတ်ပညာသင်ကြားတာ ဣသရေလလူမျိုးတို့ရဲ့ အစဉ်အလာပါ၊ ပြီးတော့ ကိုသာလှ- ကျုပ်တို့ အင်းယားရှည်ကို ရန်ကုန်က ရုပ်ရှင်အဖွဲ့တွေလာတုန်းက ခလေးရောလူကြီးပါမကျန် သူတို့နောက်လျှောက်လိုက်နေကြတာပဲမဟုတ်လား။ ထားပါတော့လေ ခလေးက ယေရှုခရစ်တော်နောက် လျှောက်လိုက်နေတယ်ဆိုတော့ မိဘတွေကဘာလုပ်နေကြတာလဲ။ မုန့်နဲ့ငါးကို အိမ်မှာမိသားစုစားဖို့ဝယ်ခိုင်းလိုက်တာကောမဖြစ်နိုင်ဘူးလား။ မုန့်ကိုတောင်းတော့ပေးလိုက်တာ လူကြီးတွေကို ကြောက်ပြီးပေးလိုက်တာကောမဖြစ်နိုင်ဘူးလား၊ သူကဘာလုပ်မယ်မှန်းမှမသိတာ။
သာလှ။  ။ကိုဖေမြပြောတာနဲ့ ကျုပ်စိတ်ကူးယဉ်တာလေးပျက်စီးသွားပြီဗျာ။
ဖေမြ  ။ဆောရီးဗျာ-ခင်ဗျားပြောသလိုပြောကြည့်တာပါ၊ တစ်ကယ်တော့ခင်ဗျားရဲ့စိတ်ကူးယဉ်လေးကိုဖျက်ဆီးတာတော့မဟုတ်ဘူးနော်၊ ကျုပ်တို့ကိုက Minor နဲ့ Major ခွဲတတ်ဖို့လိုတာပါ။
သာလှ။  ။အလကားပြောတာပါဗျာ။
ဖေမြ  ။မုန့်ငါးလုံးငါးနှစ်ကောင်နဲ့ လူအုပ်ကြီးကိုယေရှုခရစ်တော်ကကျွေးမွေးခြင်းကိစ္စမှာ အံ့သြဖွယ်ရာ တန်ခိုးတော်ကိုဖေါ်ပြခြင်းသာ Major ပါဗျာ။
သာလှ။  ။ဟုတ်ပါရဲ့ ကျုပ်ကမဆိုင်တာတွေသာ ဋီကာချဲ့ရင်း Minor တွေက Major ကို ဖုံးသွားပြီ။
ဖေမြ  ။ကျမ်းစာလာကိစ္စတွေဟာ အမှတ်တမဲ့ ဖြစ်လာတာမဟုတ်ဘူး၊ စနစ်တကျစီစဉ်ထားတဲ့ကိစ္စပါ- ဘုရားသခင်ဟာ စနစ်ကျတဲ့ဘုရားသခင်ပါ ကိုသာလှ။
ကျမ်းဟောင်းထဲမှာဆို အာဗြဟံ ယဇ်ပူဇော်တဲ့ကိစ္စမှာဆို ကြည့်စမ်း ယဇ်ကောင်ဟာ အဲဒီအချိန်မှာမှ ဘယ်ကဘယ်လိုရောက်လာလဲ၊ ကျမ်းသစ်ထဲမှာဆို ယေရှုခရစ်တော် ယေရုရှလင်မြို့ထဲဝင်ရင်စီးဖို့ မြည်းက ဘယ်ကဘယ်လို ရလဲ။ အဲဒါတွေဟာ အမှတ်တမဲ့လို့ ယူဆသလား-ကိုသာလှ။
သာလှ။  ။ကျုပ်သိပြီ- ကျုပ်အသေအချာသိပြီ- ကိုဖေမြ။
ဖေမြ  ။သိခြင်းအခွင့်ကို ယ္ခု ဘုရားသခင်က ကိုသာလှကိုပေးပြီ လက်ခံပုံ လက်ခံနည်းကတော့ ကိုယ့်ရဲ့ စိတ်နှလုံးနဲ့ပဲဆိုင်တယ်။
သာလှ။  ။ဘာတဲ့။
ဖေမြ  ။စိတ်နှလုံး။

God Bless You
Brother Aung