မိကျောင်းအစာ
သာလှ။ ။“ကတုံးမ”တစ်ယောက်တော့ အေးဆေးဖြစ်သွားပြီဗျာ။
ဖေမြ။ ။ဘယ်က “ကတုံးမ”လဲ - ကိုသာလှရဲ့။
သာလှ။ ။မြို့ကိုပြောင်းသွားတဲ့ အေးကြည်မရဲ့သမီးလေ။
ဖေမြ။ ။သြော်- အေးကြည်မသမီးလား- ဘာအေးဆေးဖြစ်သွားတာလဲဗျာ။
သာလှ။ ။ကျုပ့်သူဌေး ဦးဘအုန်းကြီးရဲ့သား သာဂိလေ၊ မြို့မှာကျောင်းသွားတက်ရင်း
အေးကြည်မဆိုင်မှာမုန့်ဟင်းခါးသွားစားရင်း ကတုံးမနဲ့ညှိခဲ့ကြဆိုပဲ။
ဖေမြ။ ။ကောင်းတာပါပဲ- အကြောင်းသိဓါတ်သိတွေပဲဟာ။
သာလှ။ ။အဲဒါကြောင့် ကတုံးမတစ်ယောက်အေးဆေးဖြစ်သွားပြီလို့
ပြောတာပေါ့။
ဖေမြ။ ။ကောင်းတာပါပဲ၊ ရွာကမြက်ဖုတ်လေး နေရာပြောင်းစိုက်တော့
ရွာနွားကစားတာပါပဲ- ဟဲဟဲ။
သာလှ။ ။အေးကြည်မတို့တော့ ဘ၀ပြောင်းလဲပါပြီဗျာ။
ဖေမြ။ ။ဆောက်ဖြစ်မှ ကျောင်းဒကာပါဗျ။
သာလှ။ ။ဘာပဲဖြစ်ဖြစ်မင်္ဂလာပဲဗျာ- မနောပီတိ ဂွမ်းဆီလေးထိစမ်းပါဗျာ။
ဖေမြ။ ။ဝမ်းမြောက်ခြင်းထဲမှာ ပူပန်ခြင်းတွေရော-ရောပါနေလို့
“ကောင်းတယ်”လို့ပြောမယ့်အစား “ကောင်းပါတယ်ဗျာ”လို့ပဲ ပြောပါရစေ။
သာလှ။ ။သူတစ်ပါးကောင်းစားတာ မကျေနပ်ဘူးလား။
ဖေမြ။ ။ကျေနပ်ပါတယ်၊ ကျေနပ်ပါတယ် ဒါပေမယ့်-
သာလှ။ ။ဒါပေမမယ့်နဲ့ကိုဖေမြ- အေးကြည်မဆို ဘယ်လောက်ဒုက္ခရောက်ခဲ့လဲ-
လင်သေ၊ ဥစ္စာဆုံး နောက်ဆုံးမြို့ကိုပြောင်း မုန့်ဟင်းခါးရောင်းရတယ်။
ဖေမြ။ ။ကျုပ်ဖတ်ဖူးတဲ့ မောင်ရင်မောင်၊မမယ်မ ၀တ္ထုထဲက ထားမေလိုသမီးမျိုး--
သာလှ။ ။ဘာမှ ထားမေ မနေနဲ့၊ ကတုံးမလေးကလိမ္မာပါတယ်၊ ဗိုင်းကောင်းကျောက်ဖိလေးပါ။
ဖေမြ။ ။စီးတဲ့ရေ ဆည်တဲ့ကန်သင်း ဆိုသလို အထိန်းအသိမ်းလေးကောင်းမှနော်၊
မဟုတ်ရင်တော့ ဥစ္စာဟူသည်မျက်လဲ့မျိုးတဲ့ ပညာသည်သာမြတ်ရွှေအိုးပါဗျာ- ပစ္စည်းဥစ္စာတွေထိန်းသိမ်းနိုင်မှုကလည်း
ပညာလိုသေးတာပဲမဟုတ်လား။
သာလှ။ ။ခင်ဗျားတော်တော်လျှာရှည်တာပဲ- ဆင်ပိန်ရင်တော့ ကျွဲလောက်ကျန်ဦးမှာပေါ့၊
ကျုပ်တို့က ကြက်ဖသာသာလောက်ရှိတာ၊ အခုဟာကကျုပ်တို့နဲ့နှိုင်းပြီးပြောနေတာ။
ဖေမြ။ ။သြော်-ဒီလိုလား- ကျုပ်က လူနေခြုံကြား စိတ်နေဘုံဖြားဗျ-
ဟဲဟဲ။
သာလှ။ ။“၀”မရှိပဲ “၀ိ”လုပ်နေသလား၊ ဒါမှမဟုတ် ဘ၀င်မြင့်ပြီးဘ၀မေ့နေတာလား
မသိတော့ပါဘူး၊ ခက်တော့တာပဲ။
ဖေမြ။ ။ခက်နေတာ ကျုပ်မဟုတ်ဘူး ဟဲဟဲ။
သာလှ။ ။ကျုပ်လည်းမခက်ပါဘူးဗျာ- ဘာပဲဖြစ်ဖြစ်ဗျာ- အေးကြည်မတို့သားအမိတော့
ခိုင်သွားပြီ။
ဖေမြ။ ။ကျမ်းလာစကားကတော့ “ငွေရတတ်သောသူက၊ငါ့စည်းစိမ်သည်ခိုင်ခံ့သောမြို့ဖြစ်၏။
မြင့်သောမြို့ရိုးနှင့်တူသည်ဟုထင်တတ်၏” တဲ့၊ ချမ်းသာတဲ့သူများဗျာ ပစ္စည်းဥစ္စာနဲ့ သူတို့ကိုယ်သူတို့
ခိုင်လှပြီလို့ ထင်တတ်ကြတယ်၊ ကျုပ်ပြောတာမဟုတ်ဘူးနော်၊ သုတ္တံကျမ်း၁၈း၁၁ ကပြောတာ။
သာလှ။ ။ကိုဖေမြတော့ ကျုပ်ကိုကျမ်းနဲ့ကိုင်ပြီ။
ဖေမြ။ ။ဆာလံကျမ်း၁၂၇း၁ ထဲမှာ “ထာဝရဘုရားသည်မြို့ကို စောင့်တော်မမူလျှင်၊ ကင်းစောင့်တို့သည်အချည်းနှီးစောင့်ကြ၏”တဲ့။
ကိုသာလှသဘောပေါက်မှာပါနော်။
သာလှ။ ။ပေါက်ပါတယ်ဗျာ-ပေါက်ပါတယ်။
ဖေမြ။ ။သုတ္တံကျမ်း၁၆း၉ မှာ“လူသည်မိမိသွားရာလမ်းကို
စိတ်ထဲမှာကြံစည်တတ်၏။ သို့သော်လည်း သူ၏ခြေရာတို့ကိုထာဝရဘုရားစီရင်တော်မူ၏” တဲ့။
သာလှ။ ။အေးဗျာ- ကျေးဇူးပါပဲ။ ကျုပ်လည်း ကျုပ်မြင်းကျုပ်စိုင်းရင်းနဲ့
စစ်ကိုင်းမရောက်ခင်မှာ ကျုပ်မြင်း အဖြုပ်ထွက်ပြီး ဂန့်သွားမှ ဟုတ်ပေ့ဖြစ်နေဦးမယ်။
ဖေမြ။ ။အဲလိုပဲ ကိုသာလှရေ- ကိုယ့်လှေကိုယ်ထိုးရင်းနဲ့
ပဲခူးကျော်လို့ ဒလလည်းမရောက်ခင် ငမိုးရိပ်နဲ့တွေ့နေမှာ စိုးလို့ သတိပေးပါရစေဗျာ။
God Bless You
Brother Aung