Sunday, June 23, 2013

မူပိုင်


မူပိုင်
သာလှ။  ။ကျုပ်အခုတစ်လော ရယ်-ရယ်ချင်နေသဗျ။
ဖေမြ  ။ဘာများ အူမြူးသတုန်း ကိုသာလှရဲ့။
သာလှ။  ။ဦးဘအောင်လေ- ကျုပ်ကို ပြော ပြောနေသဗျ။
ဖေမြ  ။ဘာပြောတာလဲ ကိုသာလှရဲ့။
သာလှ။  ။ကျုပ်ကို ပရောဖက်တစ်ပါးပါးလို့များ ထင်မှတ်နေရော့လေသလားမသိပါဘူးဗျာ၊ ခင်ဗျားဆုတောင်းပေးရင်ဖြစ်တယ်၊ ခင်ဗျားပြောလိုက်ရင်ဖြစ်လာတာချည်းပဲ ဘာညာ ဆိုပြီး ကျုပ်ကို ပြော-ပြောနေကြသဗျာ။
ဖေမြ  ။“ကြသဗျာ”ဆိုတော့ တစ်ယောက်တည်း ပြောတဲ့စကား မဟုတ်တော့ဘူးပေါ့။
သာလှ။  ။ဒါကြောင့် ပြောတာပေါ့ ရယ်-ရယ်ချင်နေပါတယ်လို့၊ မစိန်လှ တို့ဆို ပြောမှပြော၊ ကျုပ်ကိုကျုပ် သူတို့လေညှင်းခံရင်း ဘ၀င်က ကြွကြွတက်လာတယ်။
ဖေမြ  ။အရူးဘုံမြှောက်တာလား မသိဘူးနော်။
သာလှ။  ။ချေးခြောက် မကောက်စားပါဘူးဗျာ။
ဖေမြ  ။ကွေးအောင်တော့ က နေမှာပေါ့နော်။
သာလှ။  ။တော်ပြီဗျာ၊ ကိုဖေမြနဲ့ စကားပြောလို့မရဘူး။
ဖေမြ  ။ကိုသာလှတို့များ စိတ်ကလည်းကြီးပ၊ ကြာလာလေ ပရာဖက်နဲ့တူလာလေပဲ- ဟဲဟဲ။
သာလှ။  ။ဘုရားသခင်ရဲ့အမှုတော်မြတ်ကို တစ်သွေမတိမ်း စွမ်းစွမ်းတမံ ဆောင်ရွက်နေတဲ့ အစေခံကျွန်တော်မျိုးသာလှ ပါဗျာ။
ဖေမြ  ။အပြောကတော့ကောင်းပ၊ ဘ၀င်လေဟပ်ပြီး ကြွပါမသွားခင် ဘ၀င်လေသလပ်နေတာ ကြည့်လို့မရဘူး။
သာလှ။  ။ဆင်ခြင်တုံတရားရှိပါတယ်ဆို၊ သူများမြှောက်တိုင်း ကြွတက်ရအောင် ကျုပ်က ခလေးမှ မဟုတ်တာ။
ဖေမြ  ။ခလေးမပြောနဲ့ ရှင်ဘုရင်တောင်မရဘူး၊ အံချော်တတ်တယ်ဗျ။
သာလှ။  ။ဘာလဲဗျ ရှင်ဘုရင် အံချော်တာ။
ဖေမြ  ။အသက်ရှစ်နှစ်နဲ့ နန်းတက်လာတဲ့ ဘုရင်ယောရှိဆိုတာရှိတယ် သူအုပ်စိုးတဲ့ခေတ်ကာလက သူ့တိုင်းပြည် ဣသရေလမှာ ဗာလနတ်ဘုရားကို ကိုးကွယ်သူတွေဆိုပေါမှပေါပဲ- သူက ဒါဝိဒ်ကိုယုံတယ်၊ သူ့အဖိုးကိုး ဒါနဲ့ သူ့အဘိုးကိုးကွယ်ခဲ့တဲ့ ထာဝရဘုရားကိုသူယုံတယ်။ အဲ- သူအာဏာရတော့ ဗာလနတ်ဘုရားကိုးကွယ်မှုကို အပြီးနှိမ်နင်းလိုက်တယ်။ အတိုချုံးပြောရရင် အဲဒါကိုဘုရားသခင်နှစ်သက်သဘောကျတယ်ပေါ့ဗျာ၊ ဘယ်လောက်တောင်သဘောကျလည်းဆိုတော့ ယောရှိတစ်သက် ဘယ်လိုမျိုးကပ်ဒုက္ခမှတိုင်းပြည်အပေါ်ကျရောက်တာ မရှိစေရဘူးတဲ့ဗျာ၊ ယောရှိဘုရင်လည်းတော်တော်စိတ်ကြီးဝင်သွားပုံရတယ်၊ ၀င်လည်းဝင်ရောပေါ့ သူ့ ဘဲ့ဂရောင်းက ဘုရားကိုယ်တိုင်ကိုး။
သာလှ။  ။ဘုရားသခင်ပေးတဲ့ ကောင်းချီးမင်္ဂလာတွေခံစားပြီး ကျုပ်တောင် တစ်ခါတစ်လေ စိတ်ကြီးဝင်မိသဗျ၊ ကျုပ်လိုလူလည်းအများကြီးရှိမှာပါလေ။
ဖေမြ  ။ဆက်ပြောမယ်ဗျာ။
သာလှ။  ။ဆက်ဗျာ- ဆက်။
ဖေမြ  ။ တစ်နေ့ နေခေါ လို့ခေါ်တဲ့ အဲဂုတ္တုရှင်ဘုရင် အိဂျစ်ဘုရင်ပေါ့ဗျာ- ဥဖရတ်မြစ်နားက ခါခေမိတ်မြို့ကို စစ်ချီသဗျ။ ယောရှိဘုရင်က ထွက်တားတယ်၊ တစ်ကယ်တော့ သူ့တိုင်းပြည်နဲ့ လွတ်လွတ်ကင်းကင်းကြီးပါ။ ရာဇ၀င်ချုပ် ဒုတိယစောင် အခန်းကြီး၃၅ အငယ်၂၀ မှာ ဖတ်ကြည့်မယ်ဆိုရင် “ထိုနောက်မှ၊ ယောရှိသည် ဗိမာန်တော်ကို ပြင်ဆင်ပြီးမှ၊ အဲဂုတ္တုရှင်ဘုရင် နေခေါသည် ဥဖရတ်မြစ်နား၊ ခါခေမိတ်မြို့သို့စစ်ချီသည်တွင်၊ ယောရှိမင်းသည်ဆီးတားခြင်းငှါ၊ ထွက်လေ၏။ အဲဂုတ္တုရှင်ဘုရင်က၊ အိုယုဒရှင်ဘုရင်၊ သင်သည် ငါနှင့်အဘယ်သို့ဆိုင်သနည်း။ သင့်ကိုယနေ့ငါစစ်ချီသည် မဟုတ်။ ငါနှင့် စစ်တိုက်ဘက်ဖြစ်သော အမျိုးကိုစစ်ချီ၏။ ငါအလျင်အမြန်ပြုမည်အကြောင်း ဘုရားသခင်မှာထားတော်မူပြီ။ ငါဘက်၌ရှိသော ဘုရားသခင်ကို ဆန့်ကျင်ဘက်မပြုဘဲနေလော့။ သို့မဟုတ်သင့်ကို ဖျက်ဆီးတော်မူပြီဟု သံတမန်စေလွှတ်၍၊ မှာလိုက်လေ၏။ သို့ရာတွင်ယောရှိသည် မလွှဲမရှောင်၊ နေခေါဆင့်ဆိုသော ဘုရားသခင်၏ အမိန့်တော်ကို နားမထောင်၊ စစ်တိုက်ခြင်းငှါ၊ ခြားနားသောအယောင်ကိုဆောင်လျက်၊ မေဂိဒ္ဒေါချိုင့်၌ စစ်ပွဲထဲသို့ဝင်လေ၏။ လေးသူရဲတို့သည် ယောရှိမင်းကို ပစ်၍မှန်သဖြင့်၊ မင်းကြီးကငါ့ကိုဆောင်သွားလော့။ ပြင်းစွာအထိအခိုက်ခံရသည်ဟု ကျွန်တို့အား ဆိုလျှင်၊ ကျွန်တို့သည် ရထားတော်ပေါ်ကချ၍၊ ဒုတိယရထားတော်ပေါ်၌တင်ပြီးလျှင် ယေရုရှလင်မြို့သို့ ဆောင်သွားသောအခါ၊ အနိစ္စရောက်၍ ဘိုးဘေးတို့သင်္ချိုင်း၌ သင်္ဂြိုဟ်ခြင်းကိုခံလေ၏။ ယုဒပြည်သူ၊ ယေရုရှလင်မြို့သားအပေါင်းတို့သည်၊ ယောရှိမင်း အနိစ္စရောက်သောကြောင့်၊ ငိုကြွေးမြည်တမ်းခြင်းကိုပြုကြ၏။” တဲ့။
သာလှ။  ။ဆိုလိုတာက။
ဖေမြ  ။အဲဂုတ္တုရှင်ဘုရင်နေခေါပြောတဲ့စကား သူ မယုံဘူး၊ ဘာဖြစ်လို့လည်းဆိုတော့ အဲဂုတ္တုလူမျိုးတွေက ဗာလနတ်ဘုရားကို ကိုးကွယ်ကြတယ်လေ။ အခု ဘုရင်နေခေါက ဘုရားသခင်က ပြောတယ်ဆိုတဲ့ စကားကို ဘုရင်ယောရှိက ဘယ်လိုမှ မယုံနိုင်ဘူး လက်မခံနိုင်ဘူး။
သာလှ။  ။ဒီတော့ ဆိုလိုတာက။
ဖေမြ  ။ဘုရင်ယောရှိဟာ ဘုရားသခင်ကို သူတစ်ယောက်တည်း မူပိုင်ယူထားတယ်လို့ စိတ်ကြီးဝင်နေရော့လေသလား မသိပါဘူးနော်။
သာလှ။  ။ဘာတဲ့ မူပိုင်။
ဖေမြ  ။ဟုတ်တယ် မူပိုင်။

God Bless You
Brother Aung